|
ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္န ဖြေကြားတော်မူသော ၀ိပဿနာ တရားသင်တန်း အမေးအဖြေများ(၁)
(မေး)။ ။ လမ်းလျှောက်တဲ့အခါ ကြွတယ်၊ လှမ်းတယ်၊ ချတယ်၊ မှတ်တော့ တစ်ခါတစ်လေ အဆင်ပြေတယ် တစ်ခါတစ်လေ အဆင်မပြေပါဘူး။ ဘာကြောင့်လဲဆိုတာ သိချင်ပါတယ်။
(ဖြေ) ၀ိပဿနာစစ်စစ်ကို အားထုပ်လိုသူရဲ့ အမေးလို့ နှလုံးသွင်းပြီး အဖြေပေးပါမယ်။ ၀ိပဿနာဆိုတာ စိတ်အလုပ်ပါ စိတ်က ရုပ်နမ်ခန္ဓာအာရုံကို ပစ္စုပ္ပုန် အချိန်တိုင်း အချိန်တိုင်းသိအောင် ကြည့်နေ၊ ဂရုစိုက်နေတာပါ။ ကိုယ်အလုပ်၊ နှုတ်အလုပ်တွေကို အနားပေးပြီး စိတ်ကိုအလုပ်ပေး၊ စိတ်နဲ့သိနေရတာ။
တိုးတဲ့သဘော၊ ထိတဲ့သဘော၊ ကိုယ်နဲ့စပ်တဲ့သဘောတွေကို ရုပ်လို့ရှုပြောတော့ “ရုပ်” “ရုပ်” လို့ ပါးစပ်ကလည်း မရွတ်ရပါဘူး။ စိတ်ကလည်း မရွတ်ရပါဘူး။ တချို့ က စိတ်က ရွတ်မှ အားရတာတဲ့။ မရွတ်ရင် စိတ်လွင့်ရောတဲ့။ ဒါက ရွတ်နေကျ အကျင့်ပါနေလို့ပါ။ တိုး၊ ထိ၊ ပူ၊ နွေး ဖောက်ပြန်ပြောင်းလဲတဲ့ ခန္ဓာသဘောကို ဉာဏ်နဲ့ သိရမှာပါ။ အကျင့်ပါဖို့ အလုပ်မဟုတ်ပါဘူး။ အသိထင်ရှားလာဖို့ အားကောင်းလာဖို့ပါ။
လမ်းလျှောက်တဲ့အခါ ကြွတယ်၊ လှမ်းတယ်၊ ချတယ်၊ မှတ်ရမယ်လို့ ဆရာသမားကတော့ သင်ထားတော့ အဲဒီအတိုင်းမှတ်တယ်။ ပါးစပ်က မရွတ်တောင်မှ စိတ်က ရွတ်နေကြတာများတယ်။ ကြွတဲ့၊ လှမ်းတဲ့၊ ချတဲ့ အမူအရာတွေနဲ့ ကိုယ်စိတ်က ရွတ်နေမှုနဲ့ ကိုက်ညီနေတာကို အဆင်ပြေတယ်လို့ခေါ်ကြတယ်။ ဒီလိုကိုက်ညီတဲ့အခါ စိတ်ကမလွှင့်ဘူး၊ သတိကောင်းတယ်ဆိုပြီး ကျေနပ်နေတတ်ကြတယ်။
တစ်ခါအမေးခံဖူးတယ်။ နိုင်ငံခြားမှာ။ ဘယ်ညာ ဘယ်ညာဆိုပြီး ကြွ၊ လှမ်း၊ ချမှန်းသိနေတဲ့ သူုတို့အသိနဲ့သူတို့ လမ်းလျှောက်နေတဲ့ စစ်သားတွေ တရားရရောလားတဲ့။ မဆိုင်ပါဘူး။ တရားရချင်ရင် လမ်းလျှောက်တဲ့အခါ ကြွရင် ကြွတဲ့အမူအရာထဲက ဖောက်ပြန်တဲ့သဘော၊ ပြောင်းလဲတဲ့ သဘောတွေကို သိရမှာပါ။ အကျင့်ပါနေရုံနဲ့ စိတ်မလွင့်ရုံဘဲ ရမယ့် ၀ိပဿနာတရား မဟုတ်သေးဘူး။
တစ်ချို့ကျတော့ ကိုယ့်က ကြွတယ်လို့မှတ်နေခါ ရှိသေး၊ ခြေထောက်က လှမ်းနေပြီ၊ ချတယ်လို့မှတ်နေ တခါတလေ လှမ်းတုန်းရှိသေးတယ်။ အဲဒီလိုဖြစ်နေတာကို အဆင်မပြေဘူးလို့ ခေါ်ပါတယ်။ တချို့က ရှိသေးတယ်။ ကြွတယ်၊ လှမ်းတယ်၊ ချတယ်လို့လည်း မှတ်လို့ရနေတယ်။ စိတ်ကလဲ တစ်ခြားအာရုံရောက်နေတယ်တဲ့။ ဒီလိုဖြစ်နေတာဟာ ရွတ်နေကျ အကျင့်ကြောင့်သာ စိတ်က ရွတ်နေပေမယ့် တရားအလုပ်ကို စိတ်ကမလှုပ်ပါဘူး။
|